ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်သောနေ့တွင် ပူးတွဲထုတ်ပြန်ချက်
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် မြန်မာစစ်တပ်သည် မြန်မာပြည်သူများ၏ ပြင်းပြသောဒီမိုကရေစီရည်မှန်းချက်များကို ပိတ်ပင်ဟန့်တားပြီး အာဏာသိမ်းယူခဲ့ပါသည်။ တစ်နှစ်အကြာတွင် မြန်မာပြည်သူများအပေါ် သက်ရောက်လျက်ရှိသော အဆိုပါအာဏာသိမ်းမှု၏ ပြင်းထန်ဆိုးဝါးသည့်အကျိုးဆက်မှာ ရှင်းလင်းပြတ်သားလှပါသည်။ ပြည်သူ ၁၄သန်းကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေပြီး စီးပွားရေးမှာလည်း ကပ်ဆိုးကာလအတွင်းသို့ ရောက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ်၏ ရလဒ်ကောင်းများ ကပြောင်းကပြန်ဖြစ်ကာ နိုင်ငံတစ်ဝန်းတွင်လည်း ပဋိပက္ခများ ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကိုပင် ရိုက်ခတ်လျက်ရှိသည့် ဤဆိုးဝါးလှသောကပ်ဆိုက်မှုအတွက် စစ်တပ်တွင် တာဝန်ရှိပါသည်။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံး အပြုသဘောဆောင်သည့်ဆွေးနွေးမှုမျိုးဖြင့် အကြပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် မိမိတို့ ထပ်မံတောင်းဆိုပါသည်။ အရေးပေါ်အခြေအနေကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အတားအဆီးမရှိပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် မတရားထိန်းသိမ်းခံထားသူများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်လောင်းတောင်းဆိုပါသည်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်သည့်နေ့တွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်သည့်အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ လူ့အခွင့်လှုပ်ရှားသူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအပါအဝင် လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း ကျဆုံးခဲ့သည့်သူများကို မိမိတို့ အောက်မေ့သတိရမိပါသည်။။ ရိုဟင်ဂျာများ၊ အခြားလူနည်းစုတိုင်းရင်းသားများနှင့် ဘာသာရေးကိုးကွယ်သူများအပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ကလူပြုမှုများကို မိမိတို့ ပြင်းထန်စွာ ရှုတ်ချပါသည်။ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် ခိုင်လုံသောသတင်းများအတွက်လည်း မိမိတို့ များစွာ စိုးရိမ်မိပါသည်။ အာဏာသိမ်းယူခဲ့သည့်အချိန်မှစပြီး အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရသည့် လူ ၄၀၀,၀၀၀ကျော်နှင့် ပတ်သက်ပြီးလည်း မိမိတို့ အလွန်စိုးရိမ်ပူပန်မိပါသည်။ နိုင်ငံအနှံ့အပြားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပူတပြင်းလိုအပ်လာနေမှုကို မိမိတို့ လွန်စွာ စိုးရိမ်မကင်းဖြစ်မိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် ထိခိုက်လွယ်သော အသိုက်အဝန်းများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို လျင်လျင်မြန်မြန်၊ အပြည့်အဝနှင့် အဟန့်အတားမရှိ ခွင့်ပြုပေးရန်လည်း စစ်တပ်ကို မိမိတို့ အလေးအနက်တိုက်တွန်းပါသည်။ လူအမြောက်အများ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ထိန်းသိမ်းခံနိုင်ငံရေးသမားများအား ပြစ်ဒဏ်ချမှတ်ခြင်းတို့အပေါ် မိမိတို့ လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။
မြန်မာပြည်သူများကိုယ်စား တရားဥပဒေစိုးမိုးရေးအားထုတ်မှုများကို ပံ့ပိုးကူညီကြရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားပြုမှုများအတွက် တာဝန်ရှိသူများ တာဝန်ခံမှုတာဝန်ယူမှု ရှိစေခြင်း၊ တပ်မတော်နှင့် ၄င်း၏ ကိုယ်စားလှယ်များထံသို့ စစ်လက်နက်ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိသည့် မြန်မာပြည်သူများကို ဆက်လက် ပံ့ပိုးပေးရန်တို့ကို နိုင်ငံတကာအသိုက်အဝန်းအား မိမိတို့ တောင်းဆိုပါသည်။
မြန်မာပြည်သူများ၏ ဆန္ဒအတိုင်း ငြိမ်းချမ်းစွာအဖြေရှာဖွေရာတွင် အာဆီယံဘုံသဘောတူညီချက်ငါးရပ် နှင့် ၄င်းကို အကောင်အထည်ဖော်ရန်ကြိုးပမ်းလျက်ရှိသော အာဆီယံအထူးကိုယ်စားလှယ်ကို မိမိတို့ထောက်ခံကြောင်း အလေးပေးပြောကြားလိုပါသည်။ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝနှင့် အဆောတလျင် အကောင်အထည်ဖော်ဆောင်ရေးကြိုးပမ်းအားထုတ်သည့်အခါ မြန်မာနိုင်ငံတွင် အထူးကိုယ်စားလှယ်သည် ဒီမိုကရေစီလိုလားသည့်အဖွဲ့များအပါအဝင် သက်ဆိုင်သည့်လူပုဂ္ဂိုလ်အသီးသီးနှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိထိရောက်ရောက် ထိတွေ့ဆောင်ရွက်ရန် စစ်အာဏာရှင်ကို မိမိတို့ တောင်းဆိုပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကိုလည်း မိမိတို့ ကြိုဆိုသကဲ့သို့ သူနှင့်အတူ အပြုသဘာဆောင်သော ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန် စစ်တပ်ကို မိမိတို့ တိုက်တွန်းပါသည်။
###