သံရုံးယာယီတာဝန်ခံ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး
MEMORY! Cinema Myanmar Script Fund
(မြန်မာရုပ်ရှင်ဇာတ်ညွှန်း ရန်ပုံငွေ ပွဲတော်ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသောမှတ်ချက်စကား)
ဒီဇင်ဘာ ၉၊ ၂၀၂၀
မင်္ဂလာညနေချမ်းပါ။ မိတ်ဆွေတို့နဲ့အတူ အခုလိုပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
ဦးစွာအနေနဲ့ MEMORY! ရုပ်ရှင်ပွဲတော်၊ ရုပ်ရှင်ရုံ၊ ဂရေ့စ်ဆွေဇင်ထိုက်၊ ဥက္ကဋ္ဌကြီးနဲ့ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြင်သစ်သံအမတ်ကြီး၊ ဆွစ်ဇာလန်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံအတွင်းကနေ ဒီရုပ်ရှင်ဇာတ်ညွှန်းရန်ပုံငွေပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူအားလုံးကို အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။
ဒီရုပ်ရှင်ပွဲတော်ကို လွန်ခဲ့တဲ့ လေးနှစ်ကစပြီး ပါဝင်ကူညီခွင့်ရတဲ့အတွက် အမေရိကန်သံရုံးအနေနဲ့ များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။
ဒီနှစ်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲဒုက္ခတွေနဲ့ရင်ဆိုင်နေရပြီး ကျွန်မတို့ဟာ အနုပညာကို စိတ်ခွန်အားအတွက်ပြန်ပြီးအားထားခဲ့ရပါတယ်။ ဒီနှစ်မှာတော့ မကြာသေးမီနှစ်တွေကထက် အနုပညာကနေပြီး ပေးအပ်နိုင်တဲ့ လူသားတွေနဲ့ဆက်နွှယ်မှုပုံစံများစွာကို ပိုပြီးခံစားနားလည်နိုင်လာခဲ့ကြပါတယ်။
ကပ်ရောဂါကြီးက ကျွန်မတို့အားလုံးကို သီးခြားစီခွဲခဲ့ကြပေမဲ့လည်း ကျွန်မတို့ဟာ အနုပညာဘက်ကို လှည့်ပြီးအားထားခဲ့ကြပါတယ်။ အနုပညာရှင်တွေရော ပရိသတ်တွေရော တစ်ဦးနဲ့ တစ်ဦး အတူတူပါပဲ။
ဒါကြောင့်လည်း အထူးသဖြင့် မြန်မာရုပ်ရှင်ဇာတ်ညွှန်းရန်ပုံငွေပွဲကို အမေရိကန်သံရုံးရဲ့ ကူညီမှုကနေ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖန်တီးသူတွေကို ဆက်လက်ပြီး သီးပွင့်ဝေဆာနိုင်စေခဲ့တဲ့အတွက် ကျွန်မအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
မြန်မာရုပ်ရှင်ဇာတ်ညွှန်းရန်ပုံငွေပွဲဟာ မြန်မာနိုင်ငံမှာ လှုပ်ရှားသက်ဝင်တဲ့ ရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။
လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖန်တီးမှုဆိုတာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအတွက် စွမ်းအားထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။
မြန်မာရုပ်ရှင်အနုပညာရှင်တွေဟာ နိုင်ငံတကာရုပ်ရှင်မြင်ကွင်းပေါ်မှာ ခြေလှမ်းတွေပိုပိုပြီး တက်လှမ်းလာနေတာကိုလည်း ကျွန်မတို့မြင်တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံအတွင်း လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ရုပ်ရှင်လုပ်ငန်းရဲ့ အသိအမှတ်ပြုကြိုဆိုမှုတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် အခုလို မကြုံစဖူးထူးကဲတဲ့ အချိန်ကာလတစ်ခုမှာ မြန်မာရုပ်ရှင်ဇာတ်ညွှန်းရန်ပုံငွေပွဲတော် အောင်မြင်စွာဖြစ်မြောက်နိုင်ရေးအတွက် ကမကထပြုစည်းရုံးဆောင်ရွက်ခဲ့ကြသူတွေကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ညွှန်းရန်ပုံငွေပွဲရဲ့ နောက်ဆုံးဆန်ခါတင်စာရင်းဝင်တွေနဲ့ ဆုရရှိကြသူတွေဖြစ်ကြတဲ့ အလားအလာကောင်းတွေရှိကြသူ မြန်မာရုပ်ရှင်ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေကို ချီးကျူးဂုဏ်ပြုကြောင်းပြောကြားပါရစေ။ အားလုံးအတွက် အကောင်းဆုံးဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မိတ်ဆွေတို့ရဲ့ ရုပ်ရှင်တွေကို ကြည့်ရှုခံစားရဖို့လည်း မျှော်လင့်စောင့်စားလျက်ရှိနေပါတယ်။
###