နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူရုံး
နိုဝင်ဘာ ၁၅၊ ၂၀၁၇
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏
ပူးတွဲသတင်းစာရှင်းလင်းပွဲ
နိုဝင်ဘာ ၁၅၊ ၂၀၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်၊ မြန်မာ။
သဘာပတိ – နိုင်ငံတော်အကြီးအကဲများနဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်အပေါင်းတို့ မင်္ဂလာနေ့လယ်ခင်းပါခင်ဗျာ။ ဂုဏ်သရေရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ ဂုဏ်သရေရှိ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကြွရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်နဲ့ စတင်မှာဖြစ်ပြီး အဲဒီနောက်မှာ ဂုဏ်သရေရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရက်စ်တေလာဆန်ရဲ့ ထုတ်ပြန်ချက်ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကနေပြီး မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးခွန်း နှစ်ခုကနေ လေးခုအထိ လက်ခံမှာဖြစ်ပြီး ပြည်တွင်းမီဒီယာများထံမှ နှစ်ခုနဲ့ ပြည်ပမီဒီယာများထံမှ နှစ်ခုဖြစ်ပါတယ်။
ထုတ်ပြန်ချက်ကို ကြေည်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် – ဝန်ကြီး တေလာဆန် ကို မြန်မာနိုင်ငံမှာ ဧည့်ခံကြိုဆိုရတဲ့အတွက် ကျွန်မတို့ အင်မတန်ဝမ်းမြောက်မိပါတယ်။ ကျွန်မတို့ မနီလာ မှာ အကျဉ်းချုံးပြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့မနက် ကျွန်မတို့ တွေ့ဆုံချိန်မှာ အဲဒီတုန်းက ဆွေးနွေးမှုတွေကို ဆက်ပြီးဆွေးနွေးခဲ့ပါတယ်။ ဧည့်သည်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် သူက ပထမဆုံး စကားပြောရမှာဖြစ်တဲ့အကြောင်း ကျွန်မ သူ့ကိုပြောခဲ့ပြီးပါပြီ။ (အသံမကြားရပါ) … ကျွန်မတို့ အရမ်းဝမ်းမြောက်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သဘာပတိ – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျေးဇူးတင်ရှိပါတယ်။ ယခု ထုတ်ပြန်ချက်ကို ကြေညာဖို့အတွက် ဂုဏ်သရေရှိ ဝန်ကြီးတေလာဆန်ကို ဖိတ်ခေါ်ပါတယ်။
ဝန်ကြီးတေလာဆန် – ကျေးဇူးတင်ပါတယ်။ အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ။ နွေးထွေးစွာ ကြိုဆိုတဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံသားတွေကို များစွာကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခြင်းပါ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ပြီး ပိုမိုလွတ်လပ်ပြီး ပိုမိုငြိမ်းချမ်းကာ ပိုမိုတိုးတက်ကြွယ်ဝပြီး ဒီမိုကရေစီ နည်းလမ်း ပိုကျတဲ့ လူ့အဖွဲ့အစည်းကို ရရှိဖို့ ကြိုးစားရုန်းကန်တဲ့ အပေါ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားတွေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ ဒီမိုကရေစီ အကူးအပြောင်းတစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို ထပ်လောင်းအတည်ပြုဖို့နဲ့ အဲဒီကြိုးပမ်းမှုဟာ အားကောင်းနေဆဲ ဖြစ်တယ်ဆိုတာကို ပြဖို့အတွက် ကျွန်တော်ဒီနေ့ နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် မြန်မာ-အမေရိကန် မိတ်ဖက်လက်တွဲဆောင်ရွက်မှုကို လွန်ခဲ့တဲ့ တစ်နှစ်က အမေရိကန်ပြည်ထောင်စုက စတင်ခဲ့ပါတယ်။ ရွေးကောက်ခံအစိုးရဟာ အရေးတကြီးလိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ တိုးတက်မှုရအောင် ဆောင်ရွက်ဖို့၊ လတ်တလောနှစ်တွေမှာ ရရှိခဲ့တဲ့ ဒီမိုကရေစီ အနှစ်သာရတွေကို ခိုင်မာစေဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ဖို့အပြင် လူ့အခွင့်အရေးကို ပိုမိုလေးစားဖို့ ကြိုးပမ်းနေတဲ့အလျောက် ကျွန်တော်တို့ကလည်း ဆက်လက်အားပေး ထောက်ခံနေပါတယ်။
လွန်ခဲ့တဲ့နှစ်က ရွေးကောက်ခံအစိုးရ အာဏာရယူခဲ့ပြီးနောက် ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ပြုလုပ်ခဲ့တဲ့ ရက်စက်မှုတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ မထိန်းသိမ်းနိုင်ခဲ့တဲ့ တက်ကြွတဲ့သူတွေအကြောင်း ပျံ့နှံ့နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေအပေါ် အင်မတန် စိုးရိမ်မိပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ဖိအားပေးခံရတာနဲ့ ပတ်သက်ပြီးတော့လည်း စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကိစ္စကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်က မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေအပေါ် သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုတွေအပေါ်ကို ကျွန်တော်တို့ ရှုတ်ချပြီး ဒီလိုတိုက်ခိုက်မှုမျိုးကို လုံးဝသည်းခံမှာ မဟုတ်တဲ့အကြောင်းကို ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီအကြောင်းမဲ့ တိုက်ခိုက်မှုကြောင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေမှာ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ ဝမ်းနည်းကြောင်း ပြောလိုပါတယ်။
ဒီအရေးအခင်းရဲ့ လူသားချင်းစာနာမှု မကောင်းသတင်းဟာ မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော် – ယောက်ျားအများစု – အများစုက မိန်းမတွေနဲ့ ကလေးတွေ – ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြရပါတယ်။ ပြီးတော့ အရေအတွက် မသိရတဲ့ တိုင်းရင်းသားလူမျိုးတော်တော်များများက ပြည်သူတွေဟာလည်း ပြည်တွင်းမှာပဲ နေရာရွှေ့ပြောင်းခံထားရပြီး အစားအစာ၊ ရေနဲ့ နေထိုင်စရာ ရရှိဖို့အတွက် ကန့်သတ်ခြင်း ခံနေရပါတယ်။
ဒီလိုကြောက်စရာကောင်းတဲ့ အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်ဒီနေ့ ကြေညာလိုတာကတော့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့အတွက် နောက်ထပ် ဒေါ်လာ ၄၇ သန်းကို ထောက်ပံ့ပေးမယ် ဆိုတာပါပဲ။ ဒီနှစ် သြဂုတ်လက စလို့ ရခိုင်အရေးအခင်းအပေါ် တုံ့ပြန်မှုအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၈၇ သန်းအထိ ထောက်ပံ့ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကစလို့ ဒီဒေသကနေ ရွှေ့ပြောင်းခဲ့ကြရတဲ့ လူတွေအတွက် လူသားချင်းစာနာမှု အကူအညီ စုစုပေါင်း ဒေါ်လာ ၁၅၁ သန်းနီးပါးကို ပံ့ပိုးပေးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာအနှံ့မှာ လူသားချင်းစာနာမှု ဆောင်ရွက်ချက်တွေကို ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး ဒုက္ခခံစားနေရတဲ့ သူတွေကို ကူညီဖို့အတွက် ကျွန်တော်တို့ရဲ့ နောင်လာမယ့် ကြိုးပမ်းမှုတွေထဲက တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား ဒီငွေတွေကို ပေးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။
ဒီအကျပ်အတည်းအပေါ်မှာ မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုက – ပိုပြီးဒီမိုကရေစီဆန်တဲ့ လူ့အသိုင်းအ၀ိုင်းကို ရရှိဖို့အတွက် အသွင်ကူးပြောင်းရေးရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ရာမှာ ဝေဖန်စရာ ဖြစ်ပါတယ်။ ထိခိုက်လွယ်ပြီး လူနည်းစုဖြစ်တဲ့ သူတွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲဆိုတာဟာ ဘယ်ဒီမိုကရေစီအတွက်မဆို အဓိကကျတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ သက်ဆိုင်ရာ ပိုင်နက်အတွင်းမှာ ရှိနေတဲ့ လူတိုင်းရဲ့ လူ့အခွင့်အရေးတွေကို လေးစားပြီး ကာကွယ်ပေးဖို့နဲ့ အဲဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့က အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တာဝန်ဖြစ်ပါတယ်။
အစိုးရက ဒုက္ခသည်တွေကို ဆန္ဒအလျောက် ပြန်လာဖို့ ခွင့်ပြုတာအပြင် အဲဒီရွှေ့ပြောင်းခံရသူတွေ အပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခြင်းဖြင့် ကာလရှည်ကြာစွာ တည်ရှိမယ့် ငြိမ်းချမ်းရေးကို ဖန်တီးပေးဖို့အတွက် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ကတိပြုမှုတွေကိုလည်း အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်။ အဲဒီလို အကောင်အထည်ဖော်မှုမှာ သက်ဆိုင်သူအားလုံးအတွက် ယုံကြည်စိတ်ချရတယ်လို့ ယူဆတဲ့ နိုင်ငံသားဖြစ်ရေးကို ပွင့်လင်းမြင်သာစွာနဲ့ ဆန္ဒအလျောက် အပြည့်အဝလုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတစ်ခု ပါဝင်ရမှာ ဖြစ်ပါတယ်။ အခုအချိန်ကတော့ အဲဒီကတိပြုမှုတွေကို အကောင်အထည်ဖော်ဖို့ အာရုံစိုက်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
ဒုက္ခသည်များ အားလုံးနဲ့ ပြည်တွင်းမှာ နေရာရွှေ့ပြောင်းခြင်း ခံထားရတဲ့ သူတွေအားလုံး သူတို့အိမ်နဲ့ သူတို့နေရာကို ဆန္ဒအလျောက် ဘေးကင်းစွာ ပြန်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ အစိုးရရဲ့ ကတိပြုမှုအပေါ်လည်း ကျွန်တော်တို့ ထောက်ခံပါတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအကြား လတ်တလော လွှဲပြောင်းမှုတွေကို ကျွန်တော်တို့ အားပေးပြီး သူတို့ရဲ့ အိမ်တွေဆီကို ပြန်လာချင်တဲ့ သူတွေအတွက် ဘေးကင်းရေးနဲ့ လုံခြုံရေး ရရှိစေဖို့အတွက် ဆက်လက်ပူးပေါင်းလုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းလိုပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် အစိုးရနှစ်ရပ်စလုံးကို ကူညီဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်။
အဲဒါတွေကို အစိုးရက ဖော်ဆောင်ရာမှာ အကူအညီဖြစ်စေဖို့နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေအားလုံးအတွက် ဘေးကင်းရေးနဲ့ လုံခြုံရေးကို သေချာစေဖို့အတွက် အရပ်သားအစိုးရရဲ့ အဲဒီကတိပြုမှုတွေကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း လေးစားဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း လူသားတွေအားလုံးမှာ – လူမျိုး၊ ဘာသာ ဒါမှမဟုတ် တိုင်းရင်းသားဖြစ်မှုအပေါ် မူတည်ခြင်းမရှိဘဲ – လေးစားရမယ့် အခွင့်အရေးတွေရှိပြီး တခြားလူသားတွေအပေါ်မှာ ခွဲခြားဆက်ဆံမှု၊ လှုံ့ဆော်မှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေကို ဘယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းကမှ လက်မခံသင့်ဘူးဆိုတာကို အသိအမှတ်ပြုဖို့ တာဝန်ရှိပါတယ်။
လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတရားလုပ်မှုအပေါ် ပြင်းထန်တဲ့ စွပ်စွဲချက်တွေအတွက် ယုံကြည်စိတ်ချရပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လိုအပ်ပြီး လူ့အခွင့်အရေးအပေါ် မတရားပြုလုပ်မှု ဒါမှမဟုတ် ချိုးဖောက်မှု ကျူးလွန်တဲ့သူတွေအပေါ် အရေးယူရပါမယ်။ ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံတဝန်းလုံးက ဘယ်နေရာမှာပဲဖြစ်ဖြစ် အဲဒီလို မတရားလုပ်မှုတွေ ဒါမှမဟုတ် ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိဖို့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။
တွေ့ဆုံမှုတိုင်းမှာ ပြည့်စုံပြီး အကျိုးသက်ရောက်မှုရှိကာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုကို စတင်ဦးဆောင်ဖို့နဲ့ တမ်မတော်ဖက်က အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျွန်တော်ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီလို ချဉ်းကပ်မှုမျိုးအပေါ် တကယ့်ကို ထောက်ခံပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအပေါ်မှာ တိကျတဲ့ စစ်ဆေးမှုတစ်ခုကို ရရှိနိုင်ဖို့ ယုံကြည်စိတ်ချရပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့ တွေ့ရှိချက်တွေကို ကျွန်တော်တို့ စောင့်ဆိုင်းနေတဲ့ အချိန်မှာ၊ ပြီးတော့ တာဝန်ယူမှုရှိတာကို သေချာစေဖို့အတွက် ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိကြောင်း အတည်ပြုထားတဲ့ သူတွေအပေါ် အကျိုးဆက်တွေ ရရှိစေဖို့ အမေရိကန် ဥပဒေအောက်မှာ ရနိုင်သမျှ အပါအ၀င် လုပ်နိုင်သမျှ လုပ်ငန်းစဉ်အားလုံးကို အသုံးပြုဖို့အတွက် အမေရိကန် ပြည်ထောင်စုဟာ ကျွန်တော်တို့ရဲ့ တွဲဖက်နိုင်ငံတွေနဲ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို ပညာရှင်ဆန်ပြီး လေးစားထိုက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်စေလိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့ ထောက်ခံပါတယ်။ တမ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်တော်ပြောခဲ့တဲ့အတိုင်း ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ဖို့ မြန်မာနိုင်ငံရဲ့ နောင်လာမယ့် အကူးအပြောင်းမှာ စစ်တပ်ရဲ့ ထောက်ခံမှုဟာ အလွန်အရေးကြီးပါတယ်။ အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို သိရှိဖို့နဲ့ အားကောင်းပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေ တည်ဆောက်နိုင်ဖို့အတွက် စစ်တပ်နဲ့ အစိုးရ အတူတကွ အလုပ်လုပ်ရပါမယ်။ မတရားလုပ်မှုနဲ့ ထိခိုက်ခံစားရမှုတွေကို ဖြစ်စေတဲ့ နည်းဗျူဟာတွေနဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုခြင်း၊ သိရှိခြင်းနဲ့ အဆုံးသတ်ခြင်းမရှိဘဲ အဲဒါကို မလုပ်နိုင်ပါဘူး။
အကြမ်းဖက်သမား ဒါမှမဟုတ် တစ်ခြားသောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်ဖို့အတွက် စစ်တပ်ရဲ့ တာဝန်ရှိမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း ဘယ်တုံ့ပြန်မှုမဆိုဟာ စည်းကမ်းရှိရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နိုင်ခြေကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။ အစွန်းရောက် အကြမ်းဖက်မှု တုံ့ပြန်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့ မြန်မာအစိုးရနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူအတော်များများက ရခိုင်ပြည်နယ်အပေါ် အာရုံစိုက်နေကြတဲ့အချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ အခြားနေရာတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေ ရှိနေတာကိုလည်း ကျွန်တော်တို့ သတိရ ရပါမယ်။ အဲဒီပဋိပက္ခတွေမှာလည်း ပြင်းထန်တဲ့ လူ့အခွင့်အရေး မတရားပြုလုပ်မှုနဲ့ ချိုးဖောက်မှုတွေ ရှိနေပြီး အဲဒါတွေက တိုင်းရင်းသား အသိုက်အဝန်းများစွာအတွက် ထိခိုက်ခံစားရမှုတွေကို ဖြစ်စေပါတယ်။ အဲဒီပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အားပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ ရှေ့ဆက်သွားနိုင်ဖို့အတွက် တရားမျှတပြီး ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုအပ်ပါတယ်။
အရေးကြီးမှု၊ ထိရှလွယ်မှုနဲ့ ပွင့်လင်းမှုတို့နဲ့အတူ ဒီအရေးကိစ္စကို မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေ ဖြတ်ကျော်ရာမှာ အကူအညီပေးဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတစ်ဝန်းက မိတ်ဆွေတွေက ကတိပြုထားပါတယ်။ ဟောဒီကြွယ်ဝပြီး လှပတဲ့နိုင်ငံကို ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေ ဆောင်ကြဉ်းလာပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အသွင်ကူးပြောင်းရေးအပေါ် ကျွန်တော်တို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
သဘာပတိ – ဝန်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ယခုအခါ မေးခွန်တွေမေးဖို့ အချိန်ဖြစ်ပါတယ်။ အဲဒါမတိုင်ခင်မှာ —
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် – ဟုတ်ကဲ့ပါ။ အခြေအနေတွေအပေါ် နားလည်ပေးမှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတေလာဆန်ကို ကျေးဇူးတင်တဲ့ကြောင်း ကျွန်မအတိုချုပ် ပြောလိုပါတယ်။ ဒီကိစ္စအပေါ်မှာ အသေးစိတ်အချက် အချို့ကို ဆွေးနွေးခဲ့ပြီး ဒီနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကျွန်မတို့ ဆောင်ရွက်သင့်ကြောင်းနဲ့ အဲဒါကို တရားဥပဒေ စိုးမိုးမှုအရသာ လုပ်ဆောင်နိုင်ကြောင်းကို အရေးအကြီးဆုံးအဖြစ် သဘောတူခဲ့ပါတယ်။ ပြီးတော့ လူတိုင်းနားလည်ထားသင့်တာက (မကြားရပါ) စိုးမိုးရေးဆိုတာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ပေးဖို့ဖြစ်ပြီး လူတွေကို အပြစ်ပေးဖို့ မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မတို့ အားလုံး နားလည်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်မှု များစွာဖြစ်နေတဲ့ ဒီကိစ္စတွေအပေါ်မှာ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။
ဝန်ကြီး တေလာဆန် ပြောသွားတဲ့အတိုင်း လွတ်လပ်ရေး ရချိန်ကစလို့ ကျွန်မတို့ဟာ နှစ်ပေါင်းများစွာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကျွန်မတို့အကြား ဆက်ဆံမှုဟာ အားကောင်းနေခဲ့ပြီး အဲဒီဆက်ဆံမှုဟာ အခြေအနေတွေမှာ အချိန်စောင့်ဆိုင်းရမှုကို သည်းခံနိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးမှာ နားလည်မှုနဲ့ ခင်မင်မှုတို့နဲ့အတူ ကျွန်မတို့ ဖြတ်ကျော်ရမယ့် အတားအဆီးတွေ ရှိနိုင်ပေမဲ့လည်း အဲဒါကို အခက်အခဲ အများကြီးမရှိဘဲနဲ့ ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ရှိနေတဲ့ စိန်ခေါ်မှုတွေဟာ တကယ့်ကိုကြီးမားပြီး ကဏ္ဍများစွာရှိတာကို အသိအမှတ်ပြုဖို့ မျှော်လင့်ပါတယ်။ ဒါက တစ်ဖက်တည်းမြင်ရတဲ့ ရခိုင်ပြဿနာ မဟုတ်ပါဘူး။ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဘက်ပေါင်းစုံကမြင်ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အဖြေရှာတဲ့အခါမှာ ကျွန်မတို့ အားလုံးပါဝင်ရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ဟာ ကျွန်မတို့ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အဲဒါကို နားလည်မှုတည်ဆောက်ခြင်း၊ (မကြားရပါ) လူ့အသိုင်းအဝိုင်းတွေအကြား သဟဇာတဖြစ်မှုအတွက် တာဝန်ယူမှု ရှိခြင်းတို့နဲ့ စတင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီနိုင်ငံက နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်ပြီး ကျွန်မတို့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အဲဒါကို တတ်နိုင်သမျှ အပြည့်စုံဆုံး ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သဘာမတိ – မေးခွန်းတွေမမေးခင်မှာ မိမိနာမည်၊ ကိုယ်စားပြုတဲ့မီဒီယာအဖွဲ့နဲ့ ဘယ်သူ့ကိုမေးချင်သလဲဆိုတာ အရင်ပြောပေးပါ။
ပထမဆုံးမေးခွန်းမေးနိုင်ပါပြီ။
မေးခွန်း – အေဖက်ဖ်ပီ သတင်းဌာနက ရစ်ချက်ဆားဂျန့် ပါ။ မစ္စတာတေလာဆန်ဆင်ခင်ဗျာ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တမ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ခင်ဗျားနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ၊ (အသံမကြားရ) ဆိုးရွားလှတဲ့ မြင်ကွင်းတွေအပေါ်မှာ သူတို့ရဲ့ အရေးတကြီးဆောင်ရွက်ဖို့လိုအပ်မှုအပေါ် ခင်ဗျားဘယ်လောက်အတိုင်းအတာထိ ကျေနပ်မှုရှိပါသလဲ၊ ပြီးတော့ သူတို့ တကယ်ဆောငရွကဖို့လိုအပ်တာ ဘာတွေလဲ။
ဝန်ကြီးတေလာဆန် – ခင်ဗျားထောက်ပြသလိုပဲ အဲ့နေရာမှာဖြစ်ပျက်ခဲ့တာတွေက အရမ်းကိုဆိုးရွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ တမ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း သူတို့ရဲ့ စစ်ဆေးမှုတွေရဲ့ အချို့သော အချက်အလက်တွေကို ကျွန်တော့်ကိုမျှဝေခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်ပြာခဲ့သလိုပဲ ဒီကိစ္စမှာဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်တော်တို့နားလည်ဖို့ လိုအပ်တဲ့အရာတွေ အများကြီးရှိသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က လွတ်လမ်တဲ့စုံစမ်းစစ်ဆေးမှုတစ်ခု တစ်ခုကသာလျှင် ဘာတွေဖြစ်ခဲ့လဲ ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတာကို လူတိုင်းကိုသိစေနိုင်ဖို့အထောက်အကူဖြစ်မှာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေအရ အိုးအိမ်နဲ့ဝေးကွာနေပြီး ပြန်လာချင်သူတွေကို အမြန်ပြန်လာနိုင်စေနိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြားထဲမှာ အပြန်အလှန်နားလည်မှုသဘောတူညီချက်အသစ်တစ်ခု ပြုလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒါကြောင့်အဲ့ဒီ့ အပိုင်းမှာတော့ ကြိုးစားအားထုတ်မှုတွေ အများကြီးရှိတယ်လို့ထင်ပါတယ်။ ဒီကိစ္စက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတစ်ခုဆိုတာသေချာပါတယ်။ ပြီးတော့ လူတွေပြန်လာနေချင်နိုင်လောက်တဲ့ လုံခြုံတဲ့နေရာဒေသတစ်ခု ဖန်တီးဖို့ဆိုရင် ပျက်စီးသွားတဲ့ရွာတွေမှာ နေတဲ့လူတွေအတွက် နေထိုင်စရာနေရာရအောင် ဖျက်ဆီးခြင်းခံခဲ့ရတဲ့ကျေးရွာတွေကို ပြန်တည်ဆောက်ပေးရပါမယ်။ တော်တော်များများသော လူတွေလိုချင်တဲ့အရာက သူတို့ရဲ့အရင်အတိုင်းအနေအထားတိုင်းလေးပါပဲ။ တံငါအလုပ်တွေ၊ လယ်ယာ အလုပ်တွေနဲ့ ရိုးရှင်းတဲ့အနေအထားလေးပါပဲ။
ဒါကြောင့်လုပ်စရာတွေအများကြီးရှိပါတယ်။ ပြီးတော့ ဒီကိစ္စက ခပ်မြန်မြန်ပြီးနိုင်မယ့် လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာ လူတွေက အသိအမှတ်ပြုရပါမယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ သေချာသိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမယ်ကိစ္စဖြစ်ပါတယ်။
မစ္စနောအတ် – ဖော့စ်သတင်းဌာန က ဆီရာဖင်ဂိုးမက်
မေးခွန်း – ဟုတ်ကဲ့ပါ။ ဖော့စ်သတင်းဌာန က ဆီရာဖင်ဂိုးမက်ပါ။ ကျွန်တော့်မှာ ခင်ဗျားတို့အားလုံးအတွက် မေးခွန်းတွေရှိပါတယ်။ အထူးသဖြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုပါ။ ၂၀၁၄ခုနှစ် သမ္မတအိုဘားမားဒီမှာရှိနေချိန်မှာ ခင်ဗျားကို ပွင့်လင်းလာတဲ့ ဒီမိုကရေစီရဲ့ လမ်းပြ၊ နိုင်ငံရဲ့ ပြောင်းလဲမှုအသစ်လို့ သတ်မှတ်ထားကြတယ်။ လူသားချင်းစာနာမှုဆိုင်ရာအပျက်အတည်းတွေ စဖြစ်တဲ့အချိန်ကတည်းက ဒီကိစ္စအပေါ်ဘာမှပြောဆိုခြင်းမရှိတဲ့အပေါ် အကြီးအကျယ်ဝေဖန်ခံနေကြပါတယ်။ ဒီကိစ္စအပေါ် ဘာလို့ နှုတ်ဆိတ်နေရတာပါသလဲ။ ပြီးတော့ ဝန်ကြီးချင်ဗျား၊ ခင်ဗျားကလည်း ဒီကိစ္စအပေါ်သက်ရောက်နိုင်မယ့် အကျိုးဆက်ရလဒ်တွေကို အသေအချာ ပြောသွားပါတယ်။ ယူကေ ရော သင်ရောက ဒီလူမျိုးစုရှင်းလင်းရေးကိစ္စကို လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာလို့ခေါ်နေပါတယ်။ အဲင်္ဒလို အသုံးအနှုန်းကို အမေရိကန်ဘက်က ဘာလို့မသုံးသေးတာပါလဲ၊ ပြီးတော့ ဒီပြဿနာမပြီးခဲ့ရင် ယူအက်စ်ဘက်က ဘာအကျိုးဆက်တွေလုပ်ဆောင်သွားဖို့ စဉ်းစားနေလဲဆိုတာသေချာစွာပြောပြပေးပါ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် – လူတွေတော်တော်များများက ကျွန်မကို နှုတ်ဆိတ် နေတယ်လို့ဘာလို့ပြောနေလဲမသိပါဘူး။ တကယ်တော့မဟုတ်ပါဘူး။ ကျွန်မတို့ရုံးကနေပြီး ထုတ်ပြန်ကြေညာချက်တွေအများကြီး ထုတ်ပြန်ပေးနေပါတယ်။ ကျွန်မကိုယ်တိုင်သီးသန့်လဲ ထုတ်ဖော်ပြောဆိုတာတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်မထင်တာ လူတွေက ကျွန်မပြောတာကို စိတ်ဝင်စားစရာမကောင်းဘူးလို့ သတ်မှတ်နေကြတာပါ။ ကျွန်မပြောတာတွေက စိတ်လှုပ်ရှားစေဖို့မဟုတ်ပါဘူး။ မှန်မှနကန်ကန်ဖြစ်ဖို့ပါ။ အဲ့ဒါတွေရဲ့ရည်မှန်းချက်က ပိုပြီးသဟဇာတဖြစ်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုဖန်တီးဖို့ပါ။ တစ်ဖက်နဲ့တစ်ဖက်ဆန့်ကျင်နေကြဖို့ မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မှာ အမျိုးမျိုးကွဲပြားတဲ့လူ့အသိုက်အဝန်းတွေရှိနေတယ်ဆိုတာမမေ့သင့်ပါဘူး။ ပြီးတော့ သူတို့ချင်း ငြိမ်းချမ်းသင့်မြတ်စွာ ရေရှည်နေထိုင်မယ်ဆိုရင် သူတို့အချင်းချင်း ဆန့်ကျင်ဖက်တွေဖြစ်အောင်လုပ်လို့မရပါဘူး သူတို့အဖွဲ့အစည်းတွေ ပိုပြီးဝေးကွာသွား စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း မပြောသင့်ပါဘူး။ ဒါကြောင့် ကျွန်မတို့ပြောတဲ့ စကားလုံးတွေကို အင်မတန်သတိထားနေတာပါ။ သို့သော်လည်း ရှင်တို့ သင်တို့ ကြည့်ကြည့်မယ်ဆိုရင် ကျွန်မနှုတ်ဆိတ်နေတာမဟုတ်ဘူးဆိုတာ တွေ့ပါလိမ့်မယ်။ ကျွန်မက ပြဿနာဖြစ်နိုင်မယ့် ထုတ်ပြန်ချက်တွေ စိတ်လှုပ်ရှားစေနိုင်မယ့်ထုတ်ပြန်ချက်တွေ မထုတ်ပြန်နေ မပြောနေပေမယ့် ဘာတွေဖြစ်နေလဲ၊ အခြေအနေတွေပိုကောင်းလာအောင် ဘာတွေလုပ်နေလဲဆိုတာကို ပြည်သူတွေကို အမြဲတမ်းအသိပေးနေပါတယ်။
သဘာပတိ – (အသံမကြားရပါ)
ဝန်ကြီးတေလာဆန် – လူအများကြီးကို နေရပ်တွေကနေ ထွက်ပြေးစေတဲ့ ရခိုင်မှာဖြစ်ခဲ့တဲ့ပြဿနာမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့အပြစ်တွေရဲ့ လက္ခဏာတွေရှိနေပါတယ် ဆိုတာသိပါတယ်။ လူမျိုးစုပပျောက်စေရေးဆိုတာရဲ့ လက္ခဏာတွေနဲ့ အကုန် ကိုက်ညီလား မညီလာဆိုတာကိုတော့ ကျွန်တော်တို့ကိုယ်တိုင် သုံးသပ်ရဦးမှာပါ။ ဒီအချက်ကြောင့် သီးသန့် စုံစမ်းစစ်ဆေးရေးတစ်ခုက ဘယ်သူကအပြစ်ရှိတယ်။ ဘာအကြောင်းကြောင့်လဲဆိုတာသိရှိနိုင်ဖို့အရမ်းကိုအရေးပါပါတယ်။
ထပ်ပြီးပြောရရင်၊ ဒီကိစ္စမှာ အာရကန် ကနေပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို စတင်တိုက်ခိုက်တဲ့ကိစ္စတစ်ခုနဲ့စတယ်ဆိုတာ သတိပေးချင်ပါတယ်။ ပြီးတော်နောက်ပိုင်း ပြန်လည်တုံ့ပြန်မှုမှာ အရာရာက ထိန်းချုပ်မှုတွေမရှိတော့တာပါ။ ဒါကြောင့်သီးသန့် စုံစမ်းစစ်ဆေးရေးတစ်ခုကသာ ကျွန်တော်တို့အားလုံးကို ဒီပြဿနာရဲ့ရှူထောင့်အများကြီးကနေနားလည်စေနိုင်မှာပါ။
ဒီပြဿနာမပြီးလို့ရှိရင် ဖြစ်လာမယ့်အကျိုးဆက်တွေဆိုရင်တော့ ခင်ဗျားရဲ့ ဒီမေးခွန်းကို သေချာတောင်နားမလည်နိုင်ဘူး။ ပြဿနာတစ်ခုကို ပြီးချင်တိုင်းပြီးလို့မရပါဘူး။ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပြီး ပြဿနာပြီးသွားပြီလို့ ပြောလို့မရဘူး။ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ပြီးတော့လည်း ပြဿနာကပြီးသွာပြီလို့ ပြောလို့မရပါဘူး။ ဒီလိုလုပ်ဆောင်ချက်တွေက တစ်ချို့သောလူတွေကို တစ်ချို့သောအရာတွေလုပ်ဆောင်လာနိုင်ဖို့ တိုက်တွန်းသလိုမျိုး ဖြစ်လာနိုင်ပေမယ့် ပြဿနာက ပြီးမသွားနိုင်ပါဘူး။
နောက်တစ်ချက်အနေနဲ့ ဒီခရီးစဉ်ကနေပြီး အကြောင်းရာအများကြီးကို သိလိုက်ရပါတယ်။ ဒါကလည်း ကျွန်တော်ဒီကိုလာတဲ့ အကြောင်းအရင်း တစ်ခုပါ။ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဖြေရှင်းလို့မရနိုင်တဲ့ ဒီရှုပ်ထွေးလှတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ မြန်မာကိုလည်း ကျွန်တော့် များစွာအသိအမှတ်ပြုပါတယ်။ လူတိုင်းကတော့ လူသားတွေ ခံစားနေရတာကို မြန်မြန်ဖြေရှင်းနိုင်တာကို တွေ့ချင်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့တွေမှာ လူသားများခံစားနေရတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ ဒါကြောင့် ဒီကိစ္စမြန်မြန် ပြီးသွားစေချင်တာ ကျွန်တော်တို့ရဲ့ဆန္ဒပါ။ အဲဒီအဖြစ်အပျက်တွေကို မကြည့်ချင်မမြင်ချင်ပါဘူး။ ဒါကြောင့် လူသားတွေခံစားနေရတာတွေကနေမြန်မြန်လွတ်မြောက်စေချင်တာကျွန်တော်တို့ရဲ့အလျဉ်လိုမှုပါ။ ဒီပြဿနာကလည်း အင်မတန် ရှုပ်ထွေး နက်နဲတဲ့ ပြဿနာတွေ ဖော်ထုတ် မဖြေရှင်းမနိုင်သေးသရွေ့ ပြီးဦးမှာမဟုတ်ပါဘူး။ ပြီးတော့ အချိန်ယူ ရမှာပါ။
သဘာပတိ – နောက်ထပ်မေးခွန်းမေးနိုင်ပါတယ်။
မေးခွန်း – ဗွီအိုအေ သတင်းဌာနက မြင့်မြင့်ခိုင်ပါ။ (အသံမကြားရ)။ ဝန်ကြီးက ဒီနိုင်ငံကိုလာတယ်။ ဝန်ကြီးရဲ့အစိုးရကလည်း (အသံမကြားရ) စီးပွားရေးအရအရေးယူပိတ်ဆို့မှုတွေချမှတ်မလား (အသံမကြားရ) ပြီးတော့ (အသံမကြားရ)။ ကွန်ဂရက်ကလည်း အရေးယူဒဏ်ခတ်မှု ဥပဒေကြမ်းတစ်ခုရေးဆွဲနေတယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်မမေးချင်တဲ့မေးခွန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို အမေရိကန်က ဆမ်းစစ်မှုတွေပြုလုပ်ပြီးပါပြီလား။ ပြီးတော့အဲဒီလို အရးယူဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆောင်ချက်တွေက အရမ်းအရေးကြီးတဲ့ (မကြားရ) ဖော်ဆောင်နေတဲ့နိုင်ငံကို ကောင်းတဲ့ သက်ရောက်မှုတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါသလား။ ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ (မြန်မာလို)
ဝန်ကြီးတေလာဆန်- ပြောရမယ်ဆိုရင် အရေးယူဒဏ်ခတ်မှုတွေချမှတ်ဖို့အတွက် ဥပဒေကြမ်းတွေကအမျိုးမျိုး ရေးဆွဲပြီး စဉ်းစားပါတယ်။ အဲင်္ဒအကြောင်းတွေ သိရှိနေဖို့လည်း လေ့လာနေပါတယ်။ ဘာလို့လည်းဆိုတော့ကျွန်တော်လည်း ခရီးထွက်နေရတာ နှစ်ပတ်လောက်ရှိနေပြီလေ။ ဒါပေမဲ့ မနက်ဖြန်ည ဝါရှင်တန်ပြန်ရောက်ရင်တော့ သေသေချာချာပြန်ကြည့်မှာပါ။ တစ်နိုင်ငံလုံးအပေါ် သက်ရောက်တဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်မှုမျိုးကတော့ ဒီအချိန်မှာမသင့်တော်ပါဘူး။ ကျွန်တော်တို့ မြန်မာကို အောင်မြင်စေချင်တယ်လို့ ထင်ပါတယ်။ အမေရိကန်က ဒီကိစ္စကို အရေးကြီးတဲ့ ဆက်ဆံရေးတစ်ခုလို့ မြင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုအောင်မြင်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အောင်မြင်စေချင်ပါတယ်။ ဒါကြောင့်စီးပွားရေး၊ လူတွေအတွက်အလုပ်အကိုင်တွေကို နောက်ပြန်ဆုတ်စေမယ့် အရေးယူမှုမျိုးအတွက် ဒီအကျပ်အတည်းတွေကိုဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ်လို့မထင်ပါဘူး
တစ်ဦး တစ်ယောက်ချင်းကို အရေးယူပိတ်ဆို့ဖို့နဲ့ ပတ်သက်လို့ကတော့ သက်သေအချက်အလက်တွေ ခိုင်လုံဖို့ လိုအပ်ပါတယ်။ ကျွန်တော် မှတ်ချက်ထဲမှာပြောခဲ့သလိုပဲ၊ ကျွန်တော်တို့မှာယုံကြည်လက်ခံနိုင်တဲ့အချက်အလက်အထောက်အထားတွေရှိတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ကွှန်တော်တို့ လက်သင့်မခံနိုင်လောက်တဲ့အရာအတွက်တာဝန်ရှိတယ်လို့တွေ့ရှိတယ်ဆိုရင် အဲဒီလိုပုဂ္ဂိုလ်အတွက် အရေးယူဒဏ်ခတ်မှုကပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ ပြီးတော့ပြောဖို့ခက်ပါတယ်၊ ကမ္ဘာတစ်ဖက်ခြမ်းကနေပြီး ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတွေရဲ့ပုံရိပ်တွေကို မြင်နေရတဲ့အချိန်မှာ တစ်ခုခုလုပ်ဖို့လောနေသလိုမျိုးပါ။ ဒါကြောင့် အရေးယူဒဏ်ခတ်မှုဥပဒေကြမ်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီကြိုးစားအားထုတ်မှုတွေအကုန်လုံးကို ရည်ရွယ်ထားပါတယ်။ သူတို့အားလုံးက ရည်ရွယ်ထားပါတယ်။ ဒီလူတွေက ဖြစ်ပျက်နေတာတွေကို ဂရုစိုက်တဲ့သူတွေပါ။ သူတို့မြင်နေရတဲ့ လူသားတွေအပေါ် ထိခိုက်မှုကိုဂရုစိုက်တဲ့သူတွေပါ။ မြန်မာကိုဂရုစိုက်ပြီး ကူညီနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေနေကြပါတယ်။ ပြီးတော့ တစ်ချို့လူတွေက ဖြစ်နေတဲ့ကိစ္စအပေါ် ဖိအားပေးခြင်းက တစ်ခုခုဆုံးဖြတ်လုပ်ဆောင်နိုင်အောင် လှုံ့ဆော်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်ဒီကိစ္စဟာ ကျွန်တော်ဝါရှင်တန်ကိုပြန်ရောက်တဲ့အခါကျရင် သေသေချာချာသုံးသပ်မယ့်ကိစ္စတစ်ခုပါ။ ဒီခရီးစဉ်မှာ သိခဲ့ရတာတွေကိုလည်း အခြားသူများနဲ့မျှဝေချင်ပါတယ်။ ဒီခရီးကနေပြီးတကယ်တမ်းဖြစ်နေတာတွေကိုပိုမိုနားလည်စေပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် – (မြန်မာလို)
မစ္စနော်အတ် – အဲဒါကိုအင်္ဂလိပ်လိုပြန်ပြောပေးနိုင်မလား။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် – ဒီမေးခွန်းက အင်္ဂလိပ်လိုမေးထားတာ မဟုတ်တဲ့အတွက် နည်းနည်း ရှုပ်ထွေးပါတယ်။ နောက်မှ ရှင်တို့သတင်းထောက်ကို ဘာသာပြန်ဖို့မေးကြည့်ကြည့်ပါ။
မစ္စနော်အတ် – ဟုတ်ကဲ့ ဖြစ်နိုင်ရင်ပေါ့၊ မှတ်တမ်းအတွက်ပါ။
သဘာပတိ – နောက်ဆုံးမေးခွန်းတစ်ခုမေးပါ။
မေးခွန်း – အေပီသတင်းဌာနက အက်စ်သာဖြစ်ပါတယ်။ ကျွန်မရဲ့မေးခွန်းက မစ္စတာ တေလာဆန် ကိုပါ။ အမေရိကန် ကွန်ဂရက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို (ရိုဟင်ဂျာအပေါ်) လူမျိုးစုရှင်းလင်းရေးဆိုတဲ့ အသုံးအနှုန်းကိုသုံးဖို့ အရင်တောင်းဆိုခဲ့တယ်လို့ ယုံကြည်ပါတယ်။ အဲဒီအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ဘယ်လိုဆုံးဖြတ်ထားပါသလဲ။
ဝန်ကြီးတေလာဆန် – ဟုတ်ကဲ့၊ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီမှုရှိမရှိနဲ့ ကျွန်တော်တို့မှာ ရှိထားတဲ့အချက်အလက်တွေကို သုံးသပ်နေတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဆု့းဖြတ်ချက်ကိုတော့ ကျွန်တော်ပြန်တဲ့အချိန်မှာ ပြုလုပ်မယ်လို့ မျှောလင့်ရပါတယ်။
သဘာပတိ – ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ တက်ရောက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီး၊ အမျိုးသားများခင်ဗျား၊ ပူးတွဲသတင်းစာရှင်းလင်းပွဲပြီးဆုံးပါပြီ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် – အခုလိုလာရောက်တဲ့ ဝန်ကြီးတေလာဆန်ကို သဘောထားကြီးမှုအတွက် ကျေးဇူးတင်ကြောင်းပြောပါရစေ၊ ပြီးတော့ သဘောထားကြီးမှုတွေက အခုတလောမှာ တော်တော်ရှားရှားပါးပါးဖြစ်နေတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတကယ်ကို ကျေးဇူးတင်အသိအမှတ်ပြုပါတယ်။ အခုလို ကျွန်မတို့ရဲ့အခုလိုအပြန်အလှန်နှီးနှောဖလှယ်မှုဟာ ကျွန်မတို့နှစ်ဦးနှစ်ဖက်စလုံးအတွက် အင်မတန်အဖိုးတန်လှပါတယ်။
###
ဤဘာသာပြန်ဆိုမှုသည် လွယ်ကူစေလိုသည့် စေတနာဖြင့်ပြန်ဆိုပေးခြင်းဖြစ်သည့်အတွက် မူရင်းအင်္ဂလိပ်ဘာသာကိုသာ တရားဝင်အဖြစ် အတည်ပြု မှတ်ယူရပါမည်။