အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့် Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း

FOR IMMEDIATE RELEASE
November 26, 2019

အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး မဟာဘွဲ့များရရှိနိုင်မည့် 

Lincoln Scholarship နှင့်ပတ်သက်၍ သံအမတ်ကြီးက ထုတ်ပြန်ကြေငြာခြင်း

ရန်ကုန်မြို့ – အမေရိကန်သံအမတ်ကြီး Mr. Scot Marciel က မြန်မာနိုင်ငံတစ်၀ှမ်းမှ လူငယ်ခေါင်းဆောင် ၁၀၀ နီးပါးတို့ Lincoln Scholarship ဖြင့် အမေရိကန်တက္ကသိုလ်များတွင် အရည်အသွေးမြင့်မဟာဘွဲ့များရယူနိုင်မည်ဟု အမေရိကန် သံအမတ် Mr. Scot Marciel က ထုတ်ပြန်‌‌ကြေငြာခဲ့ပါသည်။

သံအမတ်ကြီး Mr.Scot Marciel က “ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အောင်မြင်သည်ကို မြင်လိုပါသည်။ ထို့ကြောင့် မိမိတို့က ဤနိုင်ငံအနှံမှ လူငယ်ခေါင်းဆောင်များကို Lincoln Scholarship အစီအစဉ်အသစ်ဖြင့် ပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ဤ ပညာသင်ဆုများက ထူးချွန်ထက်မြက်သော လူငယ်ပညာရှင်များအား မြန်မာ့ အနာဂတ်ကို ပုံဖော်ရန်အခွင့်အလမ်းနှင့် နည်းပညာအတတ်ပညာများ ပေးအပ်သွားမည်ဖြစ်ပါသည်။” ဟုပြောကြားခဲ့ ပါသည်။

ဤသို့မိတ်ဆက်ရာတွင် သံအမတ်ကြီးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ဒုတိယဥက္ကဌ ဦးဘိုဘိုငယ်ကအတူ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဦးဘိုဘိုငယ်သည် ဝါရှင်တန်ဒီစီရှိ Johns Hopkins University မှ နိုင်ငံတကာဘောဂဗေဒ ဘာသာဖြင့် မဟာဘွဲ့ရရှိထားသူ ဖြစ်ပါသည်။

၂၀၂၀ ပညာသင်နှစ်အတွက် ပထမအသုတ်အနေဖြင့် ရွေးချယ်သွားမည့် Lincoln Scholar အ‌ယောက် ၂၀ အတွက် လျှောက်လွှာများကို လာမည့်ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်လက်ခံသွားမှာ ဖြစ်ပါသည်။ နောက်အသုတ်များ အနေဖြင့်လည်း ၂၀၂၁ နှင့် ၂၀၂၂ ပညာသင်နှစ်တို့တွင် အမေရိကန်တက္ကသိုလ်များတွင် မဟာဘွဲ့သွားရောက် သင်ကြားနိုင်ရန် ပံ့ပိုးကူညီရန် စီစဥ်ထားရှိပါသည်။

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များက မြန်မာနိုင်ငံတက္ကသိုလ်များတွင် ပေးအပ်ခြင်းမရှိသေးသော အချို့မဟာဘွဲ့များကို သင်ကြားပေးအပ်ပါသည်။ မြန်မာ့အနာဂတ်ခေါင်းဆောင်လောင်းများကို အစားအသောက်နှင့် အဟာရ သိပ္ပံ၊ သဘာဝသယံဇာတရင်းမြစ် စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှု၊ စီးပွားရေး၊ ဘောဂ ဗေဒနှင့် ဘဏ္ဍာရေးစသည့် နယ်ပယ်များတွင် ဘွဲ့ဒီဂရီများရရှိစေခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူထုအခြေပြုလူ့အဖွဲ့အစည်းများတွင် ၂၁ ရာစု၏ ပိုမိုရှုပ်ထွေးလာသော အခြေအနေများ အကြား၌ ဦးဆောင်ဖြေရှင်းမည့်လူငယ်ခေါင်းဆောင်များ နည်းပညာ၊ စွမ်းရည်ပြည့်၀နေစေရန် ရည်ရွယ်ပါသည်။

ဤပညာသင်ဆုအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု၏ တစ်ဆယ့်ခြောက်ဦးမြောက်သမ္မတကို ဂုဏ်ပြုပြီး အမည်ပေးထားခြင်းဖြစ်ပါသည်။ အေဘရာဟမ်လင်ကွန်းသည် ဝါရှင်တန်ဒီစီနှင့် နယူးယောက်တို့ရှိ ဩဇာအာဏာ ရာထူးများနှင့် အလှမ်းကွာလှသည့် ဆင်းရဲသားမိသားစုမှပေါက်ဖွားခဲ့ပါသည်။ အညတရ မိသားစုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာရသော်လည်း အေဘရာဟမ်လင်ကွန်းသည် ရှေ့နေတစ်ဉီးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ ပါသည်။ အမေရိကန် ပြည်တွင်းစစ်ပွဲကာလတွင် အမေရိကန်နိုင်ငံပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများအခွင့်အရေးအတွက် ဦးဆောင်ပံ့ပိုးပေးခဲ့သူဖြစ်ပါသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ၂၀၂၄ ခုနှစ်အထိ လင်ကွန်းပညာသင်ဆုကိုပေးအပ်ရန် Institute of International Education (IIE) နှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ Thabyay Education Foundation မှလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူ့အဖွဲ့အစည်းများအားလုံးမှတစ်ဆင့် လျှောက်ထားလိုသူများထံ ဤပညာသင်ဆုအခွင့်အလမ်းနှင့် ပတ်သက်သည့်သတင်းအချက်များရောက်ရှိရေး ဆောင်ရွက်မည်ဖြစ်ပါသည်။

“Lincoln Scholarship သည် ကိုယ်တိုင်ရပ်တည်နိုင်ရေး ဦးတည်သည့် ခရီးလမ်းတွင် အားလုံး ပါဝင်သောဒီမိုကရေစီနှင့် စီပွားရေးပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကို စဉ်ဆက်မပြတ်ထောက်ပံ့သွားမည့် အမေရိကန်နိုင်ငံသူနိုင်ငံသားများ၏ ကတိကဝတ် တစိတ်တပိုင်း ဖြစ်ပါသည်။” ဟု USAID ၏ Acting Mission Director Pamela Fessenden က နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။