ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် ပတ်သက်၍ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်

Rakhine

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် ပတ်သက်၍ အမေရိကန်သံရုံးက လွန်စွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့်ပတ်သက်သည့် သတင်းအတွက် မိမိတို့များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများ ကိုယ်စားမိမိတို့ ပြောကြားလိုပါသည်။ ရခိုင်ပြည်နယ်အတွင်း ဈေးများသို့သွားရောက်ခြင်း၊ နိစ္စဓူဝဘဝ နှင့် အခြေခံကျသောဆောင်ရွက်မှုများကို ကန့်သတ်ထားခြင်းသည် လူမှုအသိုက်အဝန်းများအတွင်း လူနေမှုဘဝ အရည်အသွေးများတိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် မလိုလားအပ်သော အန္ထရာယ်များ ဖြစ်စေပါသည်။  ယင်းအပြင် မြန်မာ့တပ်မတော်တပ်ဖွဲ့များနှင့် ရခိုင်တပ်မတော်အကြား မြင့်တက်လာနေသော တိုက်ပွဲများကြောင့် အရပ်သားများ မတရားသဖြင့်ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟူသော စွပ်စွဲတင်ပြချက်များနှင့် ပတ်သက်၍လည်း မိမိတို့စိုးရိမ်မကင်း ဖြစ်ရပါသည်။ ဤပဋိပက္ခများကြောင့် ဒုက္ခများကြုံတွေ့ခံစားခဲ့ရသော မိသားစုဝင်များအတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်းပြောကြားလိုပြီး သည်းခံထိန်းသိမ်းခြင်းတရားကို ကျင့်သုံးကြရန်နှင့် အရပ်သားပြည်သူများကိုထိခိုက်စေနိုင်သော ထပ်မံတိုက်ခိုက်မှုများအား ရှောင်ရှားကြရန် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးကို မိမိတို့ တောင်းဆိုပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက် ကောင်းမွန်စေရန်နှင့် အချင်းချင်း ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအေးချမ်းရေးတို့ တိုးမြှင့်ရန်အတွက် ထားရှိထားသည့် မြန်မာအစိုးရ၏ ကတိကဝတ်ကိုလည်း မိမိတို့ကြိုဆိုပါသည်။ ဤရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြန်မာအစိုးရ၊ နိုင်ငံတကာအသိုက်အဝန်း၊ မြန်မာနိုင်ငံသားများနှင့် အတူ မိမိတို့ အနီးကပ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။