မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအား အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာဝန်ရှိစေရေး တိုးမြှင့်ဆောင်ရွက်မှု

သတင်းထုတ်ပြန်ချက်

အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီနည်းကျအုပ်ချုပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုပြန်လည်ရရှိရေးအတွက် ရဲရင့်သောသတ္တိ၊ သန္နိဋ္ဌာန်တို့နှင့်အတူ နိုင်ငံတစ်နံတစ်လျားမှ ထွက်ပေါ်လာကြသောမြန်မာပြည်သူလူထုနှင့်အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ တညီတညွတ်တည်း ရပ်တည်ပါသည်။ လူလေးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိစေခဲ့သော လက်နက်မဲ့ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုကို မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ ရာနှင့်ချီသော နိုင်ငံရေးသမားများ၊ လူ့ခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေခြင်းအတွက်လည်း မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ အမေရိကန်ပြည်ထောင်စုသည် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုကို လက်မခံသည့်အကြောင်း မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အနီးကပ်လက်တွဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ စစ်တပ်ကိုအထူးအလေးပေးပြောကြားလိုပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော မောင်မောင်ကျော်နှင့်မိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူသည့်စာရင်း၌ ယနေ့ထပ်မံထည့်သွင်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါသည်။ ဤသို့ဒဏ်ခတ်အရေးယူမှုစာရင်း၌ ထည့်သွင်းခြင်းသည် Section 1(a)(iii)(A) of Executive Order (E.O.) 14014 “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အရဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

စစ်တပ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်တိုက်ခိုက်နေမှုအားလုံးရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်တိုက်ခိုက်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်။ အာဏာသိမ်းခေါင်းဆောင်များနှင့် ဤအကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာန်ယူမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မိမိတို့သည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒအား အကြမ်းဖက်၍နှိမ်နှင်းမှုကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူရန်အတွက် မိမိတို့တုံ့ဆိုင်းနေမည်မဟုတ်ပါ။ မြန်မာပြည်သူလူထုအတွက် မိမိတို့၏အားပေးထောက်ခံမှုကလည်း ယိုင်းယိုင်သွားမည်မဟုတ်ပါ။ 

###